Phone :
+66 93 640 2792၆၊ ဧပြီလ၊ ၂၀၂၅ခုနှစ်
၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုအတွင်း အင်းလေးဒေသ ဟဲယာရွာမရှိ ကရင်နီနှင့် ဖယ်ခုံ စစ်ရှောင်ပြည်သူများ ယာယီနေထိုင်နေသည့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အဆောက်အဦးများလည်း ပြိုလုနီးနီး ပျက်စီး၊ ရွဲ့စောင်းသွားခဲ့ပြီး နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ် ဆက်လက် လိုအပ်နေကြောင်း သိရသည်။
ငလျင်လှုပ်ခတ်အပြီး အရေးပေါ် အကူအညီပေးမှုများအတွင်း ၎င်းတို့နေထိုင်ရာ ကျေးရွာမှ လူအနည်းငယ်ခန့် အစားအသောက် ထောက်ပံ့မှုများ ရရှိကြပေမယ့် – အရေးပေါ် နေရာထိုင်ခင်းနှင့် ဆက်စပ်သည့် အကူအညီများ ရရှိမှု မရှိသေးကြောင်း ဟဲယာရွာမတွင် စစ်ရှောင်နေသူ စစ်ရှောင်တဦးက ဆိုသည်။
လက်ရှိတွင် စစ်ရှောင်များသည် အပျက်အစီးများကြားရှိ နေရာလွတ်များတွင် တဲထိုးနေထိုင်နေကြရပြီး ၊ အိမ်ထောင်စု – ၁၂၈စု မှ လူဦးရေ – ၃၂၀ အတွက် ယာယီနေထိုင်ရန်နေရာနှင့် အရေးပေါ် စားနပ်ရိက္ခာ အရေးတကြီး ဆက်လက်လိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီပေးသူတဦးက ပြောသည်။
“ဟဲယာရွာမကို အလှူရှင်တွေရောက်ကြပါတယ်၊ ဒါပေမယ့်စစ်ရှောင်တွေအတွက်မပါကြဘူး၊ ရခဲ့ရင်တောင် ရေသန့်ဘူးနဲ့မာမီးတို့မုန့်အနည်းငယ်ပေါ့၊ ဒါကြောင့်စစ်ဘေး ရေဘေး ငလျင်ဘေးတွေနဲ့ကြုံတွေ့ကြရတဲ့ကျမတို့ကို လှူပေးကြပါလို့တောင်းဆိုပါရစေ၊ ကူညီမယ်ဆိုရင် ငွေသားကို အဓိကထား ကူညီနိုင်ရင် ကောင်းတယ်၊ ကျမတို့ ကော်မတီဖွဲ့ထားတာရှိတယ်၊ ကော်မတီကို ချိတ်ဆက်ပြီး ကူညီလို့လည်း ရတယ်”
ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖယ်ခုံမြို့နယ် အပါအဝင် ကရင်နီမှ စစ်ရှောင်များ နေသည်မှာ ၄ နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်နေကြပြီဖြစ်ပြီး- ၂၀၂၅ ခုနှစ် မတ်လအတွင်း နေရပ်ပြန်ရန်လည်း စစ်ကောင်စီက ဖိအားပေးထားသည်။ ထိုဒေသမှ တောင်ဘက်အရပ် ၁၀ မိုင်ခန့်တွင်လည်း စစ်ကောင်စီ၊ PNA တပ်ဖွဲ့များ နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ အကြား စစ်ရေးတိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ပထမ တပတ်အတွင်း စစ်ကောင်စီက ဒရုန်းဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှု ( ၅၀)ကြိမ်နှင့်အထက် ၊ လေကြောင်းဗုံးကြဲမှု (၃)ကြိမ်နှင့်အထက် ရှိနေဆဲဖြစ်သည်။
#Pa-O Youth Organization (PYO)